Monday, October 8, 2012

သဘောတူလား၊ မတူဘူးလား

Yes တို့ No တို့ ဆိုတာ အင်္ဂလိပ်စကားပြောမှာ အများဆုံးသုံးတဲ့ စကားလုံးတွေထဲက အပါအဝင်ပါ။ တစ်ဖက်လူက ပြောတဲ့ အကြောင်းအရာကို သဘောတူတယ် မတူဘူး ဆိုတာကို Yes သို့မဟုတ် No နဲ့ ပြောကြရတာပါပဲ။ အကြောင်းသင့်လို့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုမှာ ဟုတ်ကဲ့၊ ဟင့်အင်း ပြောပုံ မတူတာလေး ပြောပါရစေ။ ဥပမာပေါ့ဗျာ။ မောင်ဖြူဟာ မနေ့က ကျောင်းကို သွားခဲ့တယ်။ အဲဒါကို မောင်မဲက သိချင်လို့ မေးတယ်ဆိုပါစို့။

မောင်မဲ - မနေ့က မင်း ကျောင်းသွားသလား။ လို့ မေးရင်
မောင်ဖြူ - ဟုတ်ကဲ့၊ သွားပါတယ်။ လို့ ဖြေမယ်။
မောင်မဲ - မနေ့က မင်း ကျောင်းမသွားဘူးလား။ လို့ မေးရင်
မောင်ဖြူ - မဟုတ်ဘူး၊ သွားပါတယ်။ လို့ ဖြေလိမ့်မယ်။ ကဲ အင်္ဂလိပ်နဲ့ ဘာကွာသလဲ ဆိုတာ သိရအောင် ကျနော် အင်္ဂလိပ်လို မေးဖြေလုပ်ပြမယ်။
A : Did you go to school yesterday?
B : Yes, I did.
A : Didn't you go to school yesterday?
B : Yes, I did. (No, I did လို့ ဖြေလို့ မရဘူး)

ကဲ ဘာထူးသလဲ သတိထားမိလား။ မြန်မာစာမှာက မေးခွန်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ပေါ် မူတည်ပြီး Yes/No ဖြေတယ်။ မောင်မဲရဲ့ ဒုတိယအမေးဟာ မှားတဲ့အတွက် မောင်ဖြူက ဟင့်အင်း ဆိုပြီး ငြင်းပါတယ်။ အင်္ဂလိပ်မှာကြတော့ တစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို မယူတော့ဘူး။ ရိုးရိုးမေးခွန်လား (Did you?)၊ အငြင်းမေးခွန်းလား (Didn't you?) ဆိုတာ ခဏ မေ့ထားတယ်။ ကျောင်းသွားခြင်း၊ မသွားခြင်းကိုပဲ အဓိကထား ဖြေတယ်။ ကျောင်းမသွားဘူးလားလို့ မေးပေမယ့် ကျောင်းသွားတာ မှန်တယ်တဲ့အတွက် Yes လို့ပဲ ဖြေရပါတယ်။ အဲဒါကို လူအတော်များများ မှားကြတယ်။ ကျနော်လည်း ငယ်ငယ်က သောက်သောက်လဲ မှားခဲ့တာပါ။ နောက်ပိုင်း စေ့စေ့ပေါက်ပေါက် လေ့လာမှ ကွာမှန်း သိလာရတယ်။ အင်္ဂလိပ်စာမှာ "သွားလား" လို့ပဲ မေးမေး၊ "မသွားဘူးလား" လို့ပဲ မေးမေး၊ သွားရင် Yes မသွားရင် No လို့ ဖြေရုံပါပဲ။ ဗဟုသုတအနေနဲ့ ပြောရရင်တော့ ပြင်သစ်စာမှာတော့ ထူးထူးခြားခြား ရိုးရိုးအမေးကို ထောက်ခံချင်ရင် (Oui) (အွီ) လို့ ဖြေပြီး အငြင်းမေးခွန်းကို ထောက်ခံချင်ရင် (Si) (စီ) လို့ ဖြေရတယ်။ သဘောကတော့ Yes နှစ်မျိုး ရှိတဲ့ သဘောပေါ့။ အင်္ဂလိပ်မှာတော့ Yes က တစ်မျိုးတည်း ရှိပါတယ်။ အဲဒါကို မမှားရအောင် အရင်ဆုံး ပြောပြရတာပါ။ Yes နဲ့ No များ ဘာခက်တာမို့လို့ ဆိုပြီး အထင်မသေးလိုက်ပါနဲ့။

ဒါဆို Yes မြင်တာနဲ့ သဘောတူတယ်လို့ ယူပြီး No မြင်တာနဲ့ ငြင်းတာပဲလို့ ယူဆလို့ ရနိုင်ပါ့မလား။ အဲဒီလို ယူဆလို့ မရတဲ့ အခြေအနေတချို့ကို တင်ပြပါ့မယ်။ အငြင်းနဲ့ ထောက်ခံလို့ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာ ကြည့်ကြစို့။
A : It isn't fair.
B : No, it isn't.
ကဲ ... အထက်က စာကြောင်းကို လေ့လာကြည့်ကြစို့။ အေ ပြောလိုက်တာက ဒါ မတရားဘူး လို့ ပြောတယ်။ ဘီရဲ့ အဖြေက ရုတ်တရက် No ကို မြင်တော့ မြန်မာအတွေးနဲ့ ဘာသာပြန်မယ်ဆိုရင် "မဟုတ်ဘူး၊ မတရားဘူး" လို့ ပြန်မိတတ်ကြတယ်။ အဲဒီ စာကြောင်းရဲ့ ဘာသာပြန်အမှန်က "ဟုတ်တယ်၊ မတရားဘူး" လို့ပဲ ပြန်ရလိမ့်မယ်။ အရှေ့စာပိုဒ်မှာ ကျနော် ရှင်းပြခဲ့သလိုပါပဲ။ အင်္ဂလိပ်စာမှာ အကြောင်းရပ်ကို အဓိကထား စဉ်းစားပြီးမှ အဖြေဖြေတယ်။ တရားသလား မတရားဘူးလားပဲ စဉ်းစားတယ်။ ဘယ်လို မေးထားသလဲဆိုတာ အဓိက မကျဘူး။ မတရားဘူးလို့ ယူဆတာကြောင့် it isn't လို့ ဖြေရတယ်။ မတရားတာကို ပြောလိုတာကြောင့် No လို့ သုံးရတယ်။ အဲဒီမှာ မြန်မာအများစုက Yes, it isn't လို့ မြန်မာစာလိုတွေးပြီး ဖြေမိတတ်ကြတယ်။ သတိထားစရာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်စာမှာ No မြင်တိုင်း ငြင်းတာမဟုတ်ဘူး ဆိုတာ သေသေချာချာ မှတ်ထားပေးပါ။

တချို့ကျတော့ သဘောတူတာကို Yes တွေ No တွေ မသုံးဘဲ ပြန်ဖြေတတ်ကြတယ်။ that's right, that's true, I agree, sure စတဲ့ စကားလုံးတွေနဲ့လည်း သဘောတူကြောင်း ဖြေလို့ ရပါတယ်။ ဥပမာ
'She isn't usually late.' 'No, that's true.' ("ဟုတ်တယ်၊ အဲဒါ အမှန်ပဲ" လို့ အဓိပ္ပာယ်ရတယ်။)
'It's worth a try.' 'I agree.'
'We can discuss it again tomorrow.' 'Sure'

တကယ်လို့ တစ်ဦးတစ်ယောက်က ဘာကြိုက်တယ်၊ ဘာထင်မြင်တယ် ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်တယ် ဆိုရင်တော့ So do I သို့မဟုတ် I do too နဲ့လည်း ဖြေလို့ ရပါတယ်။ ဥပမာ
'I love it when it's still light at night.' 'Yes, so do I.'
'Anyway, I think Geoffrey's a nice name.' 'I do too.'
ဒီမှာ တစ်ခု မှတ်ရမှာက တကယ်လို့ တစ်ဦးတစ်ယောက်က သူတို့ ဘာမကြိုက်ဘူး၊ (အဲဒီလို) ဘာမထင်ဘူး ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်ရင်တော့ Nor do I, Neither do I သို့မဟုတ် I don't either နဲ့ ပြန်ဖြေရပါမယ်။ ဥပမာ
'I don't approve.' 'Neither (or nor) do I.'
'I don't think it's necessary.' 'I don't either.'

တကယ်လို့ အားရပါးရ သဘောတူချင်တယ် ဆိုရင်တော့ absolutely, quite သို့မဟုတ် exactly သုံးပြီး ဒီဂရီမြှင့်လို့ ရပါတယ်။ ဥပမာ 
'The police should try harder.' 'Yes, absolutely.'
'She's over-reacting a bit.' 'You're absolutely right.'

တကယ်လို့ သဘောတူရမယ့် ကိစ္စမှာ မတူတတူလို အခြေအနေမျိုး၊ မတူချင်တူချင်နဲ့ တူရတဲ့ အနေအထားမျိုးမှာ (တစ်ဝက်တစ်ပျက် သဘောတူတာ) I suppose so သို့မဟုတ် I suppose not ကို သုံးနိုင်ပါတယ်။ ဥပမာ
'It's the only way.' 'I suppose so.'
'It's not a very nice thing to say, is it?' 'No, I suppose not.'

တကယ်လို့ မရဲတရဲနဲ့ သဘောတူရမယ် ဆိုရင်တော့ I think so သို့မဟုတ် you're probably right ကို သုံးပြီး ပြန်ဖြေနိုင်ပါတယ်။ မြန်မာလိုတော့ "ထင်တာပဲလေ၊ ဟုတ်လောက်ပါတယ်" ဆိုတာမျိုးပေါ့။ ဥပမာအနေနဲ့
'She's German isn't she?' 'I think so.'

အခု ပြောသွားသမျှက သဘောတူတဲ့အခါမှာ ဘယ်လို ဖြေရမလဲဆိုတာ စုစည်းပြီး တင်ပြသွားတာပါ။ နောက်နေ့မှ သဘောမတူဘူး ဆိုရင်ကော၊ ဘယ်လို သုံးနှုန်းရမလဲဆိုတာ ဆက်လက်ဆွေးနွေးပေးပါ့မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

No comments: