Friday, October 5, 2012

Infinitive ရှေ့တွင် To ထည့်ရန်မလိုသော အခြေအနေများ


Infinitive ဆိုတာ ဥပမာအနေနဲ့ (to) write, (to) read စတဲ့ ပုံစံတွေကို ခေါ်တာပါ။ သူက ရိုးရိုးကြိယာနဲ့ ဘာကွာသလဲဆိုတော့ သူတို့မှာ ရိုးရိုးကြိယာတွေလို အချိန်ကာလကို မဖော်ပြနိုင်ဘူး။ ဆိုလိုတာက အတိတ်၊ အနာဂတ် စတဲ့ အချိန်ကာလကို မရည်ညွှန်းနိုင်ဘူး။ ငယ်ငယ်က သင်ထားခဲ့တာနဲ့ ပြောရရင် V2 တို့ V3 တို့ မရှိဘူးဆိုတဲ့ သဘောပါ။ Infinitive တွေဟာ လုပ်ရပ်နဲ့ အဖြစ်အပျက်ကိုပဲ ဖော်ပြနိုင်စွမ်းရှိတယ်။ infinitive အများစုဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ အရှေ့မှာ TO ပါရတယ်။ TO ပါမှ သုံးလို့ ရနိုင်မယ့် သဘောပေါ့။ ဥပမာ
  • I want to visit Japan.
  • It's nice to be sitting here with you.
  • The main thing is to stay calm.

ဒါပေမယ့် Infinitive အကုန်လုံးလား ဆိုတော့ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ တချို့ နေရာတွေမှာ TO မပါဘဲ Infinitive ကို သုံးလို့ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခု ဒီပို့စ်မှာ အဲဒီ အခြေအနေတွေကို စုစည်းတင်ပြပေးသွားပါ့မယ်။

(၁) Modal Auxillary Verb တွေရဲ့နောက်မှာ
Modal Auxillary Verb တွေက ဘာတွေလဲဆိုတော့ အများသိကြတဲ့အတိုင်း will, would, shall, should, can, could, may, might, must စတာတွေပါ။ ကျနော်တို့ ငယ်ငယ်က သင်ထားတဲ့အတိုင်း သူတို့ရဲ့ အနောက်မှာ Verb 1 လိုက်ရမယ်လို့ အများသိနေပြီးသားပါ။ အဲဒီ သိနှင့်ပြီးသား Verb 1 ဆိုတဲ့ဟာကိုပဲ Infinitive လို့ ခေါ်ပါတယ်။ 
  • I must go now. (I must to go now မဟုတ်)
  • Can you help me? 
  • I would rather go alone.
  • Do you think she might be joking?
  • She will probably be elected.
  • I will have finished by tomorrow morning.
  • They would have won if they had played a bit harder.

တချို့ အခြေအနေတွေဟာ need, dare နဲ့ had better တွေရဲ့ နောက်မှာလည်း Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။
  • Need I do the washing up?
  • How dare you call me a liar?
  • You'd better see what she wants.

အထူးမှတ်ရမှာကတော့ ought, used, be နဲ့ have တွေရဲ့ နောက်မှာ သုံးမယ့် Infinitive တွေကိုတော့ TO မပါဘဲ သုံးလို့ မရပါဘူး။ ငယ်ငယ်ကတော့ ought to, used to, be to, have to လို့ နဲ့ TO တွဲကျက်ထားတော့ TO ထည့်ဖို့ မမေ့တော့ဘူးပေါ့။

(၂) Let, make, see, hear, feel, watch နဲ့ notice တို့ရဲ့ နောက်မှာ
ကဲ ... ခေါင်းစဉ်မှာ ပြထားတဲ့ ကြိယာတွေရဲ့ အနောက်မှာ Infinitive ထည့်သုံးချင်ဆိုရင် TO ကို လုံးဝ သုံးစရာမလိုဘူးဆိုတာ မှတ်ထားရမယ်။ ဥပမာ ကြည့်ကြည့်ရအောင်။
  • She lets her childern stay up very late. 

(She lets her childern to stay မဟုတ်) (She lets her childern staying လည်းမဟုတ်)
  • I made them give me the money back.
  • I didn't see you come in.
  • We both heard him say that I was leaving.
  • Did you feel the earth move?

Help, have နဲ့ know စတဲ့ ကြိယာတွေကတော့ တချို့အခြေအနေတွေမှာ TO မပါတဲ့ Infinitive တွေနဲ့ တွဲသုံးလို့ရပါတယ်။ ဥပမာ
  • Could you help me (to) unload the car? (to ကို ထည့်ချင်လည်းရတယ်၊ မထည့်ချင်လည်း ရတယ်)
  • Have Mrs Hansen come in, please. (US အသုံး)
  • I've never known him (to) pay for a drink. (Perfect Tense မြန်မာအခေါ် Verb 3 ဖြစ်တဲ့ known နဲ့ပဲ သုံးလို့ရပါတယ်)


အထူးမှတ်ရမှာက အထက်မှာပြခဲ့တဲ့ ကြိယာတွေထဲက (make, see, hear, help နဲ့ know) တွေကို Passive version ပုံစံနဲ့ ရေးပြီဆိုရင်တော့ TO သုံးကို သုံးရတော့မယ်။
  • He was made to pay back the money.
  • She was heard to say that she disagreed.


(၃) Why နဲ့ Why not ရဲ့ နောက်မှာ
တကယ်လို့ Why သို့မဟုတ် Why not နဲ့ စပြီး မေးခွန်းမေးမယ်၊ ဒါမှမဟုတ် အကြံပြုမယ်ဆိုရင်တော့ အနောက်မှာ ထည့်သုံးကို Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။ ဥပမာ ကြည့်ရအောင်။
  • Why pay more at other shops? We have the lowest prices.
  • Why stand up if you can sit down?
  • Why sit down if you can lie down?
  • You're looking tired. Why not take a holiday?


(၄) and, or, except, but, than, as နဲ့ like တို့ရဲ့နောက်မှာ
တကယ်လို့များ and, or, except, but, than, as နဲ့ like ကို ကြားခံသုံးပြီး Infinitive နှစ်ခုကို ဆက်ခဲ့ရင် ဒုတိယ Infinitive ကို TO ထည့်ပြီး ရေးစရာ မလိုတော့ပါဘူး။
  • I'd like to lie down and go to sleep.
  • Do you want to have lunch now or wait till later?
  • We had nothing to do except look at the cinema posters.
  • I'm ready to do anything but work on a farm.
  • It's easier to do it yourself than explain to somebody else how to do it.
  • It's as easy to smile as frown.
  • I have to feed the animals as well as look after the childern.
  • Why don't you do something useful like clean the flat?

Rather than ရဲ့ နောက်မှာလည်း ရံဖန်ရံခါ Infinitive ကို TO မပါဘဲ သုံးနိုင်ပါတယ်။
  • Rather than wait any more, I decided to go home by taxi.


(၅) Do ရဲ့ နောက်မှာ
All I did was, What I do is စတဲ့ Expression တွေရဲ့ အနောက်မှာ Infinitive ကို TO မထည့်ဘဲလည်း သုံးလို့ရသလို TO ပါလို့လည်း ရပါတယ်။ ဥပမာ -
  • All I did was (to) give him a little push.
  • What a fire-door does is (to) delay the spread of a fire.

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

No comments: